ရန်ကုန်တိုင်းအသင်း ဥက္ကဌ နှင့်တကွ ဒုဥက္ကဌများ ၊ အလုပ်အမှုဆောင်များ မှ တာမွေအခွန်လွတ်ဈေး (ကားပစ္စည်းရောင်းဝယ်ရေးစခန်း) ရှိ အသင်းဝင်များ နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး၊ အသင်းဝင်များ၏ဆိုင်များသို့ လှည့်လည်ကြည့်ရှုခြင်း။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက် (အဂ်ါနေ့) နံနက် (၁၀:၃၀) နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အာရုံသစ် Tea House ၌ ရန်ကုန်တိုင်းအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တာမွေ အခွန်လွတ်ဈေးရှိ ရန်ကုန်တိုင်းအသင်းဝင်များနှင့် ရင်းနှီးမှုရရှိရန် နှင့် အသင်း၏ လုပ်ငန်းဆောင်များ ပိုမိုတိုးတက်မြန်ဆန်စေရန် အတွက် တွေ့ဆုံပွဲတစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအသင်း ဥက္ကဌ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ မှအပြန်အလှန် မိတ်ဆက်ခြင်း၊ ရင်းနှီးစွာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းအသင်းအနေဖြင့် ၂၀၂၅–၂၀၂၈ သက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ ပထမဆုံး အသင်းဝင်တွေ့ဆုံပွဲအဖြစ် ဥက္ကဌမှဦးဆောင်၍ အသင်းဝင်များနှင့် ပိုမိုရင်းနှီးမှုရရှိစေရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပပြပွဲများတွင် တာမွေဈေးရှိ အသင်းဝင်များ မှပူးပေါင်းပါဝင်နိုင်ရေးအတွက် အစဉ်တစိုက် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြပွဲများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကိုလည်း အသင်း၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌနှင့် ဒုတိယဥက္ကဌ (၁) မှ ရှင်းလင်းပြောကြားခဲ့ပါသည်။
တာမွေ အခွန်လွတ်ဈေးရှိ အသင်းဝင်များမှလည်း ပြည်တွင်း၊ ပြည်ပပြပွဲများတွင် ရန်ကုန်တိုင်းအသင်းနှင့်အတူ ပူးပေါင်းပါဝင်လိုကြောင်း၊ အထူးသဖြင့် ပြည်ပပြပွဲများသို့ တက်ရောက်ရန် စီစဉ်ရာတွင် တာမွေဈေးရှိ အသင်းဝင်များအတွက် Quota စနစ် ဖြင့် မျှတစွာ လူဦးရေသတ်မှတ်၍ စာရင်းပေးသွင်းနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
တွေ့ဆုံပွဲအပြီးတွင် ရန်ကုန်တိုင်းအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တာမွေ၊ ကျိုက္ကဆံ ကားပစ္စည်းရောင်းဝယ်ရေးစခန်း သို့ သွားရောက်ကာ အသင်းဝင်ဆိုင်များအား လှည့်လည်တွေ့ဆုံခဲ့ကြပြီး အသင်းဝင်များနှင့် အတူ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ရန်ကုန်တိုင်းအသင်းအနေဖြင့် အသင်းဝင်များနှင့် အနီးကပ်ချိတ်ဆက်ကာအသင်း၏လုပ်ငန်းစဥ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် အသင်းဝင်များ၏ အကျိုးစီးပွားကို အစဉ်ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။









